အွန်လိုင်းမှ လျှောက်ထား ဆောင်ရွက်နိုင်သည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု (၁၅) ခု
KO EDEN
9/25/20251 min read
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထား ဆောင်ရွက်နိုင်သော အောက်ပါစနစ် (၂) ခုမှ ဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိသည်။
Myanmar Tradenet 2.0 System> https://www.myanmartradenet.com
Certificate of Origin (CO) Online Application System>
CO Verification Platform https://verificationco.myanmartradenet.com/


Myanmar Tradenet 2.0 System> https://www.myanmartradenet.com
၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) သည် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်များမှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာဝန်ဆောင်မှုကိစ္စအဝဝအတွက် လျှောက်ထားထုတ်ယူနိုင်သည့် စနစ်ကိုစတင်အသုံးပြုခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmar Tradenet Website မှတဆင့် Fully Online Licensing System စနစ်အား ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင် အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အားလုံးကို မြန်ဆန် လွယ်ကူစွာဖြင့် အွန်လိုင်းအပြည့်အဝ အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်သော Myanmar Tradenet 2.0 စနစ်သို့ အဆင့်မြှင့်တင်ခဲ့သည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ရန် အဆင့်မြှင့်တင်ထားသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်ခွင့်များကို လျှောက်ထားရာတွင် အထောက်အကူဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်းဆိုင်ရာပိုမိုပွင့်လင်းမြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များအရှိန်မြှင့်တင်နိုင်ရန်တို့အတွက် ဖြစ်ပါသည်။
ယခုလက်ရှိတွင် ကုန်သည်များအနေဖြင့် ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 အွန်လိုင်းစနစ်မှတဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် TradeNet2.0 အွန်လိုင်းစနစ်တွင် အောက်ပါလျှောက်လွှာများကို လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။
၁။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသကဟုခေါ်သည်)
၂။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်၊
၃။ လက်လီ / လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။ အဖျော်ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။ အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။ စီးပွားရေးအကျိုးဆောင်၊ မှတ်ပုံတင်လက်မှတ်၊
၇။ Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၈။ Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။ Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။ Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၁။ Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။ ပို့ကုန်လိုင်စင်၊
၁၃။ သွင်းကုန်လိုင်စင်၊
၁၄။ ပို့ကုန်ပါမစ်၊
၁၅။ သွင်းကုန်ပါမစ်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အချက်အလက်များကို…
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာန၏ MyCo စနစ်နှင့် ချိတ်ဆက်၍ ရယူခြင်း၊ အကောက်ခွန် ဦးစီးဌာန၏ MACCS စနစ်ဖြင့် ချိတ်ဆက်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အချက်အလက်များနှင့် လိုင်စင်ပါမစ် အချက်အလက်များ ပေးပို့ခြင်း၊
မြန်မာနိုင်ငံအထည်ချုပ်အသင်း၏ MGMA စနစ်ဖြင့်ချိတ်ဆက်၍ CMP အထည်ချုပ် သွင်းကုန်လိုင်စင် အချက်အလက်များ ရယူခြင်း၊
မြန်မာနိုင်ငံဗဟိုဘဏ်၏ နေ့စဥ် ငွေလဲလှယ်နှုန်းများ ဖော်ပြထားသည့် Website ဖြင့် ချိတ်ဆက်၍ ငွေလဲလှယ်နှုန်းထားများကို API နည်းပညာဖြင့် ချိတ်ဆက်၍ အချက်အလက်များ Real Time ရယူ/ပေးပို့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုလုပ်ငန်းများကို MPU E-commerce Pay စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပြီး လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးရသည့် ကုန်သွယ်မှုဆက်စပ်ဌာန/ အသင်းအဖွဲ့ (၅၄) ခုမှလည်း Tradenet 2.0 စနစ်အတွင်း ဝင်ရောက်အသုံးပြု၍ လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက် ရှိသည်။




Certificate of Origin (CO) Online Application System
CO Verification Platform https://verificationco.myanmartradenet.com/
ပို့ကုန်တင်ပို့သူများအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Preferential Certificate of Origin-CO) လျှောက်ထားမှုများကို ပိုမို လွယ်ကူစေရန် ရည်ရွယ်၍ ကုန်သွယ်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် လျှောက်ထား အသုံးပြုနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ ဖြစ်သော ATIGA EForm D၊ Form A၊ Form AANZ ၊ Form AHK ၊ Form AI ၊ Form AJ ၊ Form AK၊ Form China ၊ Form DFTP ၊ Form E ၊ Form Korea၊ Form RCEP စသည့် Form (၁၂) မျိုး၊ ထုတ်ကုန်မှတ်ပုံတင် လက်မှတ်(Certificate of Product Registration)၊ အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အရ အတည်ပြု ပို့ကုန်တင်ပို့သူ (Certified Exporter-CE) တို့ကို ခွင့်ပြုပေးလျက် ရှိသည်။
အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နေပြည်တော်၊ ရန်ကုန်၊ MIC (OSS)၊ သီလဝါ၊ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် မူဆယ်နှင့် မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ မယ်စဲ့၊ ထီးခီး၊ မောတောင် တို့တွင် အသုံးပြု ဆောင်ရွက်ခဲ့သည်။
Certificate of Origin (CO) Online Application System မှ Form D အား Document ထုတ်ပေးမှုအပြင် Electronic အချက်အလက်များအား အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသော National Single Window Routing Platform (NSWRP) မှတဆင့် ASEAN Single Window (ASW) စနစ်သို့ ချိတ်ဆက်၍ ATIGA e-Form D လဲလှယ်နိုင်ရေးတို့ကို ၂၀၂၁ ခုနှစ် နှစ်စမှ စတင်၍ ပေးပို့လျက် ရှိသည်။
မြန်မာနိုင်ငံ ပါဝင် အကောင်အထည် ဖော်ဆောင်လျက်ရှိသော Free Trade Area (၇) ခုအနက် အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဟောင်ကောင်၊ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန် FTA တို့၏ ခွင့်ပြုထုတ်ပေးသော CO Form (၅) မျိုးပေါ်တွင် ရုံးတံဆိပ် (e-seal) နှင့် အရာရှိလက်မှတ် (e-signature) တို့အား အီလက်ထရောနစ်စနစ်ဖြင့် အသုံးပြု စိစစ် ထုတ်ပေးနိုင်ရေး ခွင့်ပြုပေးခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ် ခွင့်ပြုထုတ်ပေးလိုက်သော CO Form များအား သက်ဆိုင်ရာ ကုန်တင်သွင်းနိုင်ငံ အကောက်ခွန်ဌာနများမှ အလွယ်တကူ စိစစ်နိုင်ရန် ရည်ရွယ်၍ CO Verification Platform https://verificationco.myanmartradenet.com/ ကိုလည်း အသုံးပြုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။