စစ်ရေးတင်းမာနေလို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး ပြန်ဖွင့်မယ့်အခြေအနေမရှိသေး

9/28/20251 min read

GG (VOM)

မြဝတီမြို့နယ် လေးကေ့ကော်ဘက်မှာ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် မြဝတီမြို့ရှိ ခလရ ၂၇၅ ကလည်း လက်နက်ကြီးပစ်ကူမှုတွေရှိနေတာကြောင့် နယ်မြေ မတည်ငြိမ်သေးတဲ့အတွက် လတ်တလောမှာ အမှတ်၂ချစ်ကြည်ရေးတံတား နဲ့အာရှလမ်းမကြီးပြန်ဖွင့်နိုင်အုံးမှာမဟုတ်ကြောင်း နယ်စပ်နေသူတွေကပြောပါတယ်။

" အာရှလမ်းဖွင့်ဖို့ရော အမှတ်၂တံတားဖွင့်ဖို့ရော မစဥ်းစားနဲ့အုံး မဖြစ်နိုင်သေးဘူး။ အာရှလမ်းကသွားရဲရင်သွားချင်တာပေါ့။ ဆီလည်းသက်သာတယ်။ လမ်းလည်းကောင်းတယ်။ အာရှလမ်းမပြောနဲ့ အခုညီနောင်မြို့သစ်အထိပဲသွားလို့ရတယ်။ ဟိုဘက်ကိုအသေပိတ်ထားတယ်။ အခုက ၂၇၅ နဲ့စွယ်တော်ကုန်းက ဟိုဘက်ကိုပစ်နေတာက ဒီမနက်အထိပစ်နေကြတုန်းပဲ။ လေးကေ့ကော်ဘက်ဖြစ်နေကြတုန်း။" လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

လေးကေ့ကော်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အဖွဲ့အစည်းတွေက လက်နက်ကြီးလက်နက်ငယ်၊ ဒရုန်း တိုက်ခိုက်မှုရှိနေကြောင်းနဲ့ မနေ့ကစက်တင်ဘာ ၂၄ရက်နေ့တိုက်ပွဲအကြားပစ်ခတ်မှုမှာ ထိုင်းနိုင်ငံနယ်နမိတ်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ထိုင်းဘက်က နယ်စပ်စည်းရိုးတလျှောက်မှာ လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီးစောင့်ကြည့်နေတဲ့အခြေအနေတွေကြောင့်လည်း အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်နိုင်မယ့်အခြေအနေ မတွေ့ရသေးဘူးလို့ နောက်ထပ် ဒေသခံကပြောပါတယ်။

" မြဝတီမှာ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လက်နက်ကြီးပစ်သံကြားတာနဲ့ ထိုင်းကတော့ နယ်စပ်မှာလုံခြုံရေးအသင့်ရှိပြီးသားစောင့်ကြည့်နေတာ။ အခုအမှတ် ၂ တံတားပိတ်ထားလို့ ထိုင်းဘက်ကခြမ်းမှာ သေဆုံးတဲ့မြန်မာတွေဆိုရင်လည်း မြဝတီဘက်ပြန်သယ်လို့မရဘူး။ တံတားပြန်ဖွင့်ဖို့က ခုလောလောဆယ်မဖြစ်နိုင်သေးဘူးလို့မြင်ပါတယ်။" လို့ ဆိုပါတယ်။

ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက မြန်မာဘက်ခြမ်းရှိအာဏာပိုင်တွေက ယာယီပိတ်ခဲ့တာ ယနေ့အထိဆိုရင် တလနဲ့ ခုနှစ်ရက်ရှိပြီဖြစ်ပါတယ်။

တံတားပိတ်လိုက်တဲ့အချိန်ကတည်းက မြဝတီနယ်စပ်ကနေ ထိုင်း မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုလည်း လုံးဝရပ်တန့်သွားပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတာကြောင့် ကုန်သည်တွေအပါအဝင်ဒေသခံပြည်သူတွေကတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုအမြန်ဆုံး ပြန်ဖွင့်ပေးဖို့မျှော်လင့်နေကြပါတယ်။

" တံတားက ပြန်ဖွင့်မယ့်အသံမကြားရသေးဘူး။ အာရှလမ်းကတော့ ရှင်းလင်းရေးလုပ်ပြီးရင် ပြန်ဖွင့်ပေးမယ်ဆိုပြီး နလအဘက်ကပြောထားတာတော့ရှိတယ်။ ကျွန်တော်ထင်တယ် ဖွင့်ရင် နှစ်ခုလုံးကို ရက်သိပ်မကွာအတူဖွင့်နိုင်တယ်။ ဒါမှ ကုန်စည်စီးဆင်းမှုမြန်သွားမယ်။ နှစ်ခုလုံးပြန်ဖွင့်လေကောင်းလေပဲပေါ့ဗျာ။မဟုတ်ရင် တောလမ်းကသွားရတာ လမ်းကမကောင်း ဂိတ်ကြေးတွေကများနဲ့ အဆင်မပြေဘူး။" လို့ ပို့ကုန်လုပ်ငန်းရှင်တယောက်ကသုံးသပ်ပြောပါတယ်။

မြဝတီအာရှလမ်းမကြီးကို PDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်မှာ စတင်ထိန်းချုပ်ခဲ့ပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် တောလမ်းနဲ့တောင်ပေါ်လမ်းဟောင်းကိုသာ အသုံးပြုခဲ့ကြရပါတယ်။

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ၆ ရက်မှာတော့ မြဝတီကော့ကရိတ် အာရှလမ်းမကြီး စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပိုင်းရှိ ပျက်စီးတံတားတွေကို ပြုပြင်ခြင်း ၊ လမ်းပိုင်းရှင်းလင်းရေးဆောင်ရွက်ခြင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေကြောင်းနဲ့ အခြေအနေအားလုံးပြီးစီးပါက အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးသွားမယ်ဆိုပြီး နလအမှထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Cj

VOM